Thursday, December 25, 2008

ယ---ယစ်မျိုး ၅-ပါး၊ မှ ယိုးဒယား ၁၂-ခန်း။

ယစ်မျိုး ၅-ပါး၊ ရှောင်ကြဉ်ငြား၊ စီးပွားချမ်းသာရာ။ ။ ဝေါဟာရအားဖြင့်သာ 'ယစ်မျိုးငါးပါး'ဟု
ခေါ်ဝေါ်ကြသော်လည်း အမှန်မှာ မူးယစ်စေတတ်သော သေရည်အရက်ဟူသမျှ ယစ်မျိုးချည်းပင် မှတ်လေ။
(၁) ဘိန်း- လှော်ခဲ, ဘိန်းဆီ, ဘိန်းဖြူ, ပြောင်းချေးစသည်၊
(၂) ဘင်း-ဆေးခြောက်၊
(၃) ကဇော်- သေရည်မျိုး ငါးပါး၊
(၄) လှော်ဇာ- အခဲအဖတ်၊
(၅) အရက်- မေရယမျိုး ငါးပါး။

ယစ်မျိုး ၁၀-ပါး၊ ကျမ်းဂန်များ၊ လာငြား အဘယ်နည်း?။ ။ ဤ၌ သုရာမျိုး ငါးပါး၊ မေရယမျိုး ငါးပါး၊ ပေါင်း ဆယ်ပါးကိုပင် ယစ်မျိုးဆယ်ပါးဟု ကဗျာလင်္ကာဆရာတို့ စပ်ဆို သီကုံးကြလေသည်။

ယဇ်ကြီး ၅-ပါး၊ ပူဇော်ငြား၊ ပုဏ္ဏားညစ်တို့ ဥာဏ်။ ။ ယုတ်မာသော မိစ္ဆာအယူ ပူဇော်ခြင်း ငါးပါး။
(၁) အဿ မေဓ- အဆင်း ငါးပါးရှိသော မြင်းကို သတ်၍ ယဇ်ပူဇော်ရမည်၊ ပုဏ္ဏားတို့ကိုလည်း များစွာ ပေးလှူရမည် ဟူ၏၊ အချို့ ကျမ်းစာများမှာ 'သဿမေဓ'ဟု ရှိကြ၏၊ မမှန်၊ ပါဌ်ပျက်ဖြစ်သည်၊ အမှန်ကား အဿမေဓ- အဿ မြင်း+ မေဓ-သတ်ခြင်း၊
(၂) ပုရိသ မေဓ-ယောက်ျားကို သတ်၍ ယဇ်ပူဇော်ရမည်၊ ပုဏ္ဏားတို့ကိုလည်း များစွာ လှူဒါန်းရမည် ဟူ၏၊
(၃) သမ္မာ ပါသ- ယဇ်ပူရန်နှင့် ပုဏ္ဏားတို့ကို လှူဒါန်းရန် ဥစ္စာပစ္စည်းတို့ကို လှည်း ရထားတို့ဖြင့် များစွာတင်လျက် သူရသဒီ မြစ်ကြီးထဲသို့ ဆင်း၍ ငုတ်ရာ အရပ်သို့ သွားရောက်ပြီးလျှင် ၀န်စုကို တိုက်ဆောင်ခဲ့သော လှည်းထမ်းပိုးကျည်း ကန့်လန့်ကျည်ကို ချွတ်၍ သူရသဒီ မြစ်ညာကို ဆန်လျက် ပစ်ရမည်၊ ၎င်းင်းကျရာအရပ်၌ ယဇ်တိုင်စိုက်၍ ယဇ်ပူဇော်ရမည် ဟူ၏၊ သမ္မာ သဒ္ဒါ- ထမ်းပိုးကျည်း ကန့်လန့်ကျည်ဟော၊ ပါသ သဒ္ဒါ- ပ, ရှေးရိုးသော အသဓာတ်- ပစ်လွှတ်ခြင်းဟော၏၊
(၄) ၀ါဇပေယျ-ကောင်းလှစွာသော ထောပတ်ကို ပုဏ္ဏားတို့အား တိုက်ကျွေး၍ ယဇ်ပူဇော်ရခြင်း၊ အချို့ ကျမ်း၌ '၀ါစာပေယျ'ဟု ရှိတတ်၏၊ ၀ါဇ သဒ္ဒါ- ထောပတ်ဟော၊ ပေယျ သဒ္ဒါ-သောက်ခြင်းဟော မှတ်လေ၊
(၅) နိရဂ္ဂဠ- တံခါးကျည်, မင်းတုပ် မရှိရဟူ၏၊ ယဇ်ပူဇော်လိုသောသူသည် မိမိအိမ်ရှိ ပစ္စည်းတို့ကို တံခါး ဟင်းလင်းဖွင့်၍ ပုဏ္ဏားတို့အား အလိုရှိရာ အပိတ် အတားမရှိ ယူစေရမည် ဟူ၏။
မှတ်ချက်။ ။ ဥက္ကာကရာဇ် မင်းကြီး လက်ထက်၌ ထိုဆိုးယုတ်မာသော ပုဏ္ဏားတို့က ရှေးမင်း စဉ်ဆက် မပျက် သုံးသပ် ခဲ့ကြသော- 'သင်္ဂဟ တရား ၄-ပါး'ကို ပုဒ်ပါဌိ အဓိပ္ပါယ် ဖျက်ဆီးလျက် တမျိုးဥာဏ်ထွင်ကာ ၎င်းင်း ယဇ်ကြီး ၅-ပါးကို ရေးတင် ဆက်လျှောက်ကြကြောင်းနှင့် သုတ္တနိပါတ် ဗြဟ္မဏဓမ္မိကသုတ်၌ လာရှိ၏။

ယထာဘူတဥာဏ် ၁၀-ပါး။ ။ အဟုတ်အမှန်ကို ရှုဆင်ခြင်ရသော ဥာဏ် ၁၀-ပါး ဟူ၏၊ ၎င်းင်း သရုပ် (၀ိပဿနာဥာဏ် ၁၀-ပါး)နှင့် တူ၏။

ယာင်္ဂုအကျိုး ၅ ပါး။ ။ ပဉ္စင်္ဂုတ္တရပါဠိတော် ၂၁၈။ဠ။ ၇၈-၌ ဘုရားဟော တော်မူသည်။
(၁) ခုဒ္ဒံ ပတိ ဟနတိ-ဆာလောင်ခြင်းကို ပယ်စေ၏၊
(၂) ပိပါသ ပတိ ၀ိနေတိ-မွတ်သိပ်ခြင်းကိုပယ်စေ၏၊
(၃) ၀ါတံအနုလောမေတိ- လေကို အောက်သို့သက်စေ၏၊
(၄) ၀တ္ထိံ သောဓေတိ- ဆီးအိမ်စည်ပေါင်းကို သုဓ်သင် ရှင်းလင်း၍ ဆီးကိုရွှင်စေ၏၊
(၅) အမာဝ သေသံ ပါစေတိ- အကြေမကျက်သေးသော အစာသစ် အကြွင်းအကျန်ကို ကြေကျက်စေတတ်၏။

ယာဂုအကျိုး ၁၀ ပါး၊တနည်း။ ။ အထက်ပါ ငါးပါးကား အကျိုးရင်းများဖြစ်၏၊ ဤငါးပါးကား အကျိုးဖျားဟူ၏၊ ၀ိနည်း မဟာဝါပါဠိတော်နှင့် သာရဋ္ဌသင်္ဂဟ အဋ္ဌကထာ။
(၁) အာယု - အသက်ရှည်ခြင်း၊
(၂) ၀ဏ္ဏ - အဆင်းလှခြင်း၊
(၃) သုခ - ချမ်းသာခြင်း။
(၄) ဗလ - ခွန်အားဗလရှိခြင်း၊
(၅) ပညာ - ဥာဏ်ပညာကြီးခြင်း။

ယာဉ်မျိုး ၂-ပါး၊ လ, နေသွား၊ ခွဲခြား လမ်းမှန်သိ။ ။ နေမင်း၏ထွက်လမ်းဝင်လမ်း လှည့်လည်သောလမ်း ၂-ပါးကိုခေါ်သည်။
(၁) ဒက္ခိဏ ယာဉ်- တနင်္ဂနွေဂြိုလ်ခေါ် နေမင်းသည် ၀ါဆိုလဆန်း ၁၅-ရက် ညဥ့် ၂-ချက်တီးကျော်အချိန်ကစ၍ မြောက်ဘက်စွန်းမှသည် တောင်ဘက်သို့ တစတစ ယိမ်းထွက်လာရာ ပြာသိုလပြည့်နေ့ ညဥ့် ၂-ချက်တီးအချိန်ထိအောင် တောင်လမ်းခရီး တောင်ယာဉ် စီးသောကြောင့် 'ဒက္ခိဏယာဉ်' ခေါ်သည်။
(၂) ဥတ္တရယာဉ် - နေမင်းသည် ပြာသိုလပြည့်နေ့ညဉ့် ၂-ချက်တီးကျော်အချိန်မှစ၍ တောင်ဘက်ဖျားစွန်းမှသည် မြောက်ဘက်သို့ တစ တစ ယိမ်းဝင်လာရာ ၀ါဆိုလဆန်း ၁၅-ရက်နေ့ ညဥ့် ၂-ချက်တီးချိန်ထိအောင် မြောက်လမ်းခရီး မြောက်ယာဉ်စီးသောကြောင့် 'ဥတ္တရယာဉ်' ဟုခေါ်ဆိုကြကုန်သည်။

ယာဉ်မျိုး ၃-ပါး၊ ထီးဖြူများ၊ စိုက်ထား ၄-ဆူ အဘယ်နည်း?။ ။ ၎င်းင်းသရုပ်ကို (ထီးဖြူတော် ၄-စင်း၊ တနည်း) ၌ရှုပါ။

ယာနိက ၂-ပါး။ ။
(၁) သမထ ယာနိက - ဈာန် အဘိညာဉ် တရားကိုရစေနိုင်သော ပညတ်အာရုံ ကမ္မဋ္ဌာန်း တရားစုဟူသမျှ၊
(၂) ၀ိပဿနာယာနိက ပညတ်မဖက် ရုပ်နာမ်သက်သက် ၏ဖြစ်ပျက်မှု အနိစ္စလက္ခဏာဖြင့် မှတ်ရှုပွားများ၍ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် အစစ်ကိုပေးတတ်သော တရားစု။

ယာယီဂြိုလ် ၄-လုံး။ ။ ကျော်၊ စံ၊ သိန်း၊ ရီ၊ ဂြိုဟ်ယာယီ၊ ဟူသော လင်္ကာအရ " တနင်းလာ၊ အင်္ဂါ၊ သောကြာ၊ ရာဟုဂြိုဟ်တို့၌ သက်ရောက်၊ ဂြိုဟ်အိပ်မူ ထိုသူယာယီများအံ့ "ဟု ဗေဒင်ကျမ်း၌လာသည်။

ယုံမှားခြင်း ၈-ပါး။ ။ ဘုရားစသည်တို့၌ သို့လော သို့လော တွေးတောမယုံသင်္ကာမှု ရှစ်ပါး၊ တေရသကဏ်ဋီကာ ဒုနှင့် နိဒါန၀ဂ္ဂသံယုတ် ပါဠိတော် ဒသဗလသုတ်။
(၁) ဗုဒ္ဓေ ကင်္ခတိ - ဘုရား၌ ယုံမှားခြင်း၊
(၂) ဓမ္မေ ကင်္ခတိ-တရား၌ယုံမှားခြင်း၊
(၃) သံဃေ ကင်္ခတိ - သံဃာ၌ ယုံမှားခြင်း၊
(၄) သိက္ခာယ ကင်္ခတိ - အကျင့်သိက္ခာ၌ ယုံမှားခြင်း၊
(၅) အတီတ မဒ္ဓါနံ - ရှေးအတိတ်စွန်း၌ ယုံမှား ခြင်း၊
(၆) အနာဂတ မဒ္ဓါနံ - နောင် အနာဂတ်စွန်း၌ ယုံမှားခြင်း၊
(၇) အတီတာနာဂတ မဒ္ဓါနံ - အတိတ် အနာဂတ် ၂-စွန်း၌ ယုံမှားခြင်း၊
(၈) ပဋိစ္စသမုပ္ပါဒေ ကင်္ခတိ - ပဋိစ္စသမုပ္ပါဒ် တရားတော်၌ ယုံမှားခြင်း။

ယုံမှားခြင်း ၁၆-ပါး။ ။ ၀ိစိကိစ္ဆာဖြစ်ပုံ အခြင်းအရာ ၁၆-ပါးလည်းဟူ၏။ စူဠနိဒ္ဒေသ ။ဋ္ဌ။၉၄။ ၀ိသုဒ္ဓိမဂ်၊ ဒုအုပ်။၂၃၄ တို့၌အကျယ်ရှုပါကုန်။ အတ္တစွဲရှိသူတို့ ကာလ ၃-ပါး၌ သို့လော သို့လော ယုံမှားခြင်းဖြစ်ပုံ ၁၆-ပါး။လွယ်ကူ၍ ကျဉ်းစေရန် မြန်မာသက်သက်ပြလိုက် သည်။
(၁) ငါသည် ရှေးအတိတ်ကာလ၌ ဖြစ်ခဲ့ဖူးပြီလော၊
(၂) မဖြစ်ခဲ့ဘဲများနေရော့သလား၊
(၃) ဖြစ်ခဲ့ ဖူးလျှင် ဘယ်အမျိုးဇာတ်မှာများ ဖြစ်ခဲ့ဖူးပါလိမ့်၊
(၄) ဘယ်ပုံသဏ္ဌန်ဖြင့် ဖြစ်ခဲ့ပါလိမ့်၊
(၅) ငါသည် လွန်ခဲ့တဲ့ တတိယ ဘ၀က ဘယ်ဇာတ်ဘယ်ပုံဖြစ်ခဲ့ပြီး၊ နောက် ဒုတိယဘ၀က ကျတော့ ဘယ်လိုများ ဖြစ်ခဲ့ပါလိမ့်။ မှတ်ချက်။ ။ ဤကား အတိတ်ကြောင်းအတွက် ယုံမှားခြင်း ငါးချက်တည်း။
အနာဂတ် အတွက်၌လည်း အတိတ်နည်းတူ ငါးပါးယူလေ၊ ပေါင်းဆယ်ပါး ဖြစ်၏။
(၁၁) ပစ္စုပ္ပန်ဘ၀၌ ယခု ငါဟာ ငါဟုတ်မှ ဟုတ်ပါလေရဲ့လား၊
(၁၂) ငါမဟုတ်ဘဲများ ရှိလေသလား၊
(၁၃) ဇာတ်အဆူဆူ ငါဘယ်သူများ ဖြစ်ပါလိမ့်၊
(၁၄) ဘယ်ပုံဟန်ပန် ဘယ်သဏ္ဍာန်ဖြင့် ငါဖြစ်ပါလိမ့်၊
(၁၅) ငါဖြစ်နေတဲ့ ငါဟာ ဘယ်ဘုံဘ၀ကများ လာပါလိမ့်၊
(၁၆) ငါခေါ်တဲ့ သတ္တ၀ါဟာ ဘယ်ဘုံဘ၀ကိုများ ကူးသွားရလိမ့်ဦးမည်နည်း၊
၎င်းင်း ပစ္စုပ္ပန်ဘ၀ ယုံမှားခြင်း ၆-ပါးနှင့် ပေါင်းသော် ၁၆-ပါး ဖြစ်၏။

ယုဂ် ၄-ပါး။ ။ သူတော်တရားနှင့် ယှဉ်သော ကာလကြီး ၄-ပါး။
(၁) ကတယုဂ် ဆန်းသော ၁၇၂၈၀၀၀ နှစ်ကာလ၊ လူအပေါင်းတို့သည်အခြေ ၄-ချောင်း ထောက်နေဘိသကဲ့သို့ သစ္ခာကတိ တည်ကုန်၏၊ ကတညုတ ကတဝေဒီ- ရှိကုန်၏၊ သူကြီးမိဘ ရိုသေကုန်၏၊ တရားစောင့်ကုန်၏။
(၂) တြေတာယုဂ် ဆန်းသော ၁၂၉၆၀၀၀-နှစ်ကာလ၊ အခြေ ၃-ချောင်းသာ ထောက်၍ တချောင်းသောခြေ ကျိုးပျက်သကဲ့သို့ သူတော်ကောင်း ၃-စု သူယုတ်မာ တစု ဖြစ်ပေါ်၍ လာချေပြီ။
(၃) ဒွါပရာယုဂ် ဆန်းသော ၈၆၄၀၀၀-နှစ်ကာလ၊ ခြေ ၂-ချောင်းသာ ထောက်နေသကဲ့သို့ သူတော်ကောင်း ၂-ပုံ၊ သူယုတ်မာ ၂-ပုံ ဖြစ်၍လာချေပြီ။
(၄) ကလိယုဂ် ဆန်းသော ၄၃၂၀၀၀-နှစ်အခါ၊ အခြေ ၃-ချောင်းကျိုးပျက်၊ တချောင်းဖြင့်သာ ထောက်တည်၍ နေရသကဲ့သို့ တရားမစောင့်သော သူယုတ်မာ ၃-စု၊ တရားစောင့်သော သူတော်ကောင်းတစု ဖြစ်၍ လာချေပြီ၊ ဤ ယခုငါတို့ဖြစ်ရာ ခေတ်ကား ကလိဟုဂ်ခေတ်ကြီးဖြစ်၍ လူယုတ်မာ ပေါများလှ၏။

ယုဂ် ၅-ပါး။ ။ သာသနာတော်နှစ် အပိုင်းအခြားကာလနှင့် ယှဉ်ခြင်း ၅-ပါးဟူလို။
(၁) ၀ိမုတ္ထိ ယုဂ်-၀ိပဿနာ မဂ် ဖိုလ် နိဗ္ဗာန်နှင့်ယှဉ်သော အချိန်ကာလ အပိုင်းအခြား၊
(၂) သမာဓိ ယုဂ်-ဈာန် သမာဓိ သမထတရားနှင့်ယှဉ်သော အချိန်ကာလ၊
(၃) သီလ ယုဂ်-သီလနှင့်သာ ယှဉ်မှီသော အချိန်ကာလ၊
(၄) သုတ ယုဂ်-ဗဟုဿုတမျှသာ ရှိတော့သော အချိန်ကာလ၊
(၅) ဒါန ယုဂ်-ပေးကမ်း စွန့်ကြဲခြင်း မျှလောက်သာ ရှိတော့သောကာလ။
မှတ်ချက်။ ။ တိံသနိပါတ် ဖုဿထေရဂါထာ အဋ္ဌကထာမှ ယူသည်၊ ၎င်းင်း၌ နှစ်ပိုင်းအခြားနှင့် ဝေဘန်၍ မပြပေ။

« ယော »

ယောက်ျားအပြား၊ မျိုးလေးပါး၊ မိန့်ကြား သျှတြ။ ။ ပုရိသသျှတြမှ။
(၁) အဿဂ မည်သော ယောက်ျား မျိုးသည် ပန်းရင်းနံ့ ကဲ့သို့သောကိုယ်နံ့ရှိ၏၊ လက်ဖ၀ါး ခြေဖ၀ါး နူးညံ့၏၊ လက်ချောင်းခြေချောင်းရှည်၏၊ ရင်ကျယ်၏၊ချက်နက်၏၊
အအိမ်၌ ကိန်းသော လိင်ရှိ၏၊ အရသာ ဆိမ့်၏၊ မွေးတွင်းတခုခု၌ မွေးညှင်း တပင်စီ ပေါက်၏၊ သူတပါးကို သနားတတ်၏၊ သီလစောင့်၏၊ ဖြောင့်မတ်တည်ကြည်၏၊ အင်အားတန်ခိုးရှိ၏၊ ဆံ, မုတ်ဆိတ်, လက်ကတီးမွေး, ဣနြေ္ဒမွေးရှည်၏၊ နိမိတ် ရှည်စွာ့အဆုံး လက်လေးသစ်မျှသာ ရှိ၏။
(၂) မြိဂမည်သော ယောက်ျားမျိုးကား စကားများ၏၊ သည်းခံတတ်၏၊ သနားတတ်၏၊ ဆရာမိဘကို ရိုသေတတ်၏၊ မကဲ့ရဲ့တတ်၊ ပြေပြစ်ချစ်ဘွယ်သောစကားကို ဆိုတတ်၏၊ ပညာကို ခင်မင်တတ်၏၊ ကိုယ်အနံ့ကား သေရည်နံ့ကဲ့သို့ ရှိ၏၊ ကိုယ်အရသာ ဖန်၏၊ ဣနြေ္ဒကားရှည်စွာ့အဆုံး လက်ရှစ်သစ်သာ ရှိ၏။
(၃) ပြိဿဘ ယောက်ျားမျိုးကား ကိုယ်အသားတင်းမာ၏၊ ဆူသောအရသာကို စားတတ်၏၊ သီချင်းကိုလိုလား၏၊ လောဘရမ္မက်ကြီး၏၊ သူ့သ္မီး သူ့မယားကို လွန်ကျူး ပြစ်မှားတတ်၏၊ အသံကောင်း၏၊ မေထုန်ကြူး၏၊ သူတပါးကို ကဲ့ရဲ့ငြူစူတတ်၏၊ ကိုယ်ယနံ့ကား ပျားနံ့ကဲ့သို့ရှိ၏၊ အရသာ ချို၏၊ ဣနြေ္ဒ ရှည်စွာ့အဆုံးလက်ဆယ်သစ်သာရှိ၏။
(၄) အသွမည်သော ယောက်ျားမျိုးကားကိုယ့်ပစ္စည်းကိုခင်မင်၏၊ သူ့ပစ္စည်းကိုလိုချင်၏၊ များစွာသောမကောင်းမှုတို့ကို ပြုကျင့်တတ်၏၊ သူ့မယားကိုပြစ်မှားတတ်၏၊ သစ္စာမရှိ၊သူ့ကျေးဇူးဂုဏ်ကိုမသိတတ်၊မုသားဆိုတတ်၏၊ဆူဖြိုးသောကိုယ်ရှိ၏၊ လက်ကတီးမွေး၊
ဣနြေ္ဒမွေးရှည်၏၊အရှက်အကြောက်နည်း၏၊ အထူးထူးသော အရသာကို ကြိုက်တတ်၏၊အင်္ဂါဇာတ်
အလုံးကြီး၏၊ ကိုယ်နံ့ညှီ၏၊၀မ်းပူ၏၊ ၀မ်းပိုက်၌အရေးအကြောင်းမရှိ၊ အင်္ဂါဇာတ် ၁၄-သစ်မျှရှည်၏၊

ယောက်ျားဂြိုဟ် ၄-လုံး။ ။ တနင်္ဂနွေ, အင်္ဂါ, ဗုဒ္ဓဟူး, ကြာသပတေး, ၎င်းင်းဂြိုဟ် ၄-လုံးကို၊'လောင်း, အံ, ပြု, ငြား၊ ဂြိုဟ်ယောက်ျား'ဟု ဆိုကြကုန်၏၊

ယောက်ျားတို့အတတ် ၁၈-ရပ် သိမှတ်သင်ကြားရာ။ ။ ၎င်းင်းသရုပ်ကို(အဋ္ဌာရသ သိပ္ပမျိုး၊ ၃နည်း)၌ ဆိုခဲ့ပြီ။

ယောက်ျားဒွါရ ၁၀-ပေါက်။ ။ အမတသာဂရ ဆေးကြမ်းကြီးမှ ယူပြသည်၊
(က) နှာခေါင်း ၂-ပေါက်၊
(ခ) နား ၂-ပေါက်၊
(ဂ) မျက်စိ၂-ပေါက်၊
(ဃ) ပါးစပ်ပေါက်၊
(င) ကျင်ငယ်ပေါက်၊
(စ) ကျင်ကြီးပေါက်၊
(ဆ) ငယ်ထိပ်ပေါက်။

ယောက်ျားများသာ၊ မွေ့လျော်ရာ၊ ဘုမ္မာ၁၅၊အဘယ်နည်း။ ။ ဤပုစ္ဆာကား ဣတ္ထိဘာဝနှင့်မရှိကောင်းသောဗြဟ္မာများကို ရည်ဟန်တူသည်၊ သတိပြုရန်ကား ယောက်ျား၏နိမိတ်လည်းရှိသည် မဟုတ်ကြ၊
အဖြေကား အရူပ ၄-ဘုံ နှင့် အသညသတ် ဘုံ ကြဉ်သော ရူပ ၁၅ ဘုံ ရှိ ဗြဟ္မာများပင်တည်း။

ယောက်ျားမြတ်တို့အား ၅ ပါး။ ။ ယောက်ျားမြတ်တို့၌ရှိထားကြရမည့် ဗလငါးတန်၊ ထိုငါးပါးတို့တွင် တဆင့်ထက်တဆင့်အစဉ်အတိုင်း မြတ်၍ပညာအားသည် အမြတ်ဆုံးဖြစ်ကြောင်း ဒီဃာဝုသတို့သားအား ဘုရားဟောတော်မူသည်။
(၁) ဗာဟု ဗလ- လက်ရုံးအား၊ ကိုယ်လက် သန်မာ ထွားကျိုင်းခြင်း၊
(၂) ဘောဂဗလ- ရွှေငွေရတနာ လယ်ယာစပါး စသည့် ပစ္စည်း ဥစ္စာများ၊
(၃) အမစ္စဗလ- မှူးမတ်ရာထူး အာဏာထူးများ၊
(၄) အဘိဇ ဗလ-ဆွေမျိုး မိတ်သင်္ဂဟအား၊
(၅) ပညာဗလ ဗာဟုသစ္စ သိပ္ပပညာအား။

ယောက်ျားမြတ်တို့၏ လက္ခဏာ ၃၂-ပါး။ ။ ၎င်းင်းသရုပ်မှာ (လက္ခဏာတော် ကြီး ၃၂-ပါး)နှင့် အတူ ဖြစ်၏။

ယောက်ျားလူမောက်၊ ပေါင်း ၁၀ယောက်၊ ဘွဲ့မြောက်ဧတဒဂ်။ ။ ၎င်းင်းသရုပ်ကို (ဧတဒဂ်ရ လူယောက်ျား ၁၀-ယောက်) ၌ဆိုခဲ့ပြီ။

ယောက်ျားတို့၏အပြစ်(၆)ပါး။ ။ ယောက်ျားမြတ်တို့ ရှောင်ကြဉ်အပ်သော တရား(၆)ပါး၊ဟိတောပဒေသမှ။
(၁) နိဒ္ဒ- အအိပ် စုံမက်ခြင်း၊
(၂) တန္နီ- လုပ်ငန်းရပ်၌အလိုမသန်နှေးကန်ဖင့်လေး အေးစက်ထိုင်းမှိုင်းခြင်း၊
(၃) ဘယ- သတ္တိညံ့ဖျင်း ကြောက်ရွံ့တတ်ခြင်း၊
(၄) ကောဓ- သည်းညည်းမခံ ဒေါသထန်ခြင်း
(၅) အာလသျ- အပျင်းထူခြင်း၊
(၆) ဒီဃသုတ္တ- အချိန်ဖင့်လေး ပြီးစီးမှုနှောက်နှေးအောင် လုပ်ဆောင်နေခြင်။

ယောဂတရား၊ မျိုး (၄)ပါး၊ သိထားအဘိဓမ္မာ။ ။ သတ္တ၀ါတို့ကို ၀ဋ်ဒုက္ခ၌အမြဲမပြတ်ယှဉ်စပ်
စေတတ်သော တရားလေးပါး၊
(၁) ကာမယောဂ- ကာမဂုဏ် ငါးပါးကို လိုလားတောင့်တ တပ်မက်တတ်သော လောဘဟူသမျှ၊
(၂) ဘ၀ယောဂ- လူ့ဘ၀၊ နတ်ဘ၀၊စသော ထိုထိုဘ၀ အမျိုးမျိုး၌သာယာနှစ်သက်တတ်သောလောဘ၊
(၃) ဒိဋ္ဌယောဂ- လောက၌ဘာသာအမျိုးအစားတွေ ရာထောင်မက များပြားသော်လည်း၊ ဘာသာမှန်တရားကား တပါးသာရှိ၏။ ထိုဘာသာမှန်တရားကို ချန်ထား၍ဘာသာမှားတို့ကို စွဲလမ်းကိုးကွယ်မှုဒိဋ္ဌိ၊
(၄) အ၀ိဇ္ဇာယောဂ- အမှားအမှန်ကို ဝေဘန်ခွဲခြား၍မသိတတ်သော မောဟတရား။

ယောဂီပုဂ္ဂိုလ်၏ အင်္ဂါငါးပါး။ ။ တရားအားထုတ်သူတို့အင်္ဂါငါးပါး၊ ၎င်းင်းသရုပ်အဓိပ္ပါယ်ကို (ပဓာနိယင်္ဂတရားငါးပါး)၌ကြည့်ပါ။

ယောဂီ၏လက်နက်ကြီး(၅)ပါး။ ။ မဟာဝဂ္ဂသံသုတ်။ ။ ပါ။၅။ဋ္ဌ။၁၅၉။
(၁) မေတ္တာတရားထားရှိရခြင်း၊
(၂) ကရုဏာ- ဆင်းရဲသူအား သနားရခြင်း၊
(၃) ကာယ ၀ိဝေက- ပေါင်းအဖော်တို့မှ ကင်းဆိတ်ရခြင်း၊
(၄) စိတ္တ၀ိဝေက- ကိလေသာစိတ် ကင်းဆိတ်ရခြင်း၊
(၅) ဥပဓိ ၀ိဝေက- ဥပဓိတရား ၄-ပါးမှ ကင်းဆိတ်ရခြင်း။

ယောဂီရန်သူ၊ ၁၀ပါးဟူ ၊ လွှတ်သူမာရ်နတ်ယုတ်။ ။ ပဓာနလုပ်ငန်း၏ ရန်သူများဖြစ်သောကြောင့်၎င်းင်းကိုမာရ်နတ်၏စစ်သည်တော်၁၀-ပါးဟုခေါ်ဝေါ် ပြောကြားလေ့ရှိ
ကြ၏။ သရုပ်(မာရ်စစ်သည် ၁၀-ပါး)၌ဆိုခဲ့ပြီ။

ယောနိအပြား၊ မျိုး ၄-ပါး၊ ခွဲခြားသန္ဓေယူ ။ ။ မူလပဏ္ဏာသ။ ပါ။ ၁၀၅။ ဋ္ဌ။ ပ-အုပ်။ ၃၄၁။ ပဋိသန္ဓေ နေကြသော ပုဂ္ဂိုလ်မျိုးလေးစားဟူ၏။
(၁) သြပပါတိက ယောနိ- ဥပပတ် ပဋိသန္ဓေ၊ကိုထင်ရှားဖြစ်မျိုး၊
(၂) သံသေဒဇ ယောနိ-အညှိစွဲ ပဋိသန္ဓေ, ပိုး, လောက်လန်း စသည်၊
(၃) အဏ္ဍဇ ယောနိ- ဥထဲ၌ ပဋိသန္ဓေ, ကြက်, ငှက်, စသည်၊
(၄) ဇလာဗုဇ ယောနိ- အမိသားအိမ်၌ပဋိသန္ဓေ, လူ, ခွေး, စသည်၊ ၎င်းင်းကိုပင် "ဂဗ္ဘသေယျ" လည်းခေါ်၏။

« ယို »

ယိုးဒယား ၁၂-ခန်း။ ။ ပြင်စည်မင်းသားရေးသော သုခုမ အနုပညာ မဟာဂီတ ၁၂-ခန်းဟူ၏။
(၁) ရွေတညာ ဂီတ ကို 'ဖရံတင်' ခေါ်သည်။
(၂) နှင်းယွန်းသာဟေမန် ဂီတကို 'ခက်မွန်' ခေါ်သည်။
(၃) တောတောင်စွယ် ဂီတကို 'ခမိန်' ခေါ်သည်။
(၄) တောမြိုင်ခြေလမ်းဂီတကို'ထနောက်' ခေါ်သည်။
(၅) ပန်းမြိုင်လယ် ဂီတကို 'ဖျင်းခြား' ခေါ်သည်။
(၆) ခိုင်ပန်းစုံ ဂီတကို 'ထပ်တွန့်' ခေါ်သည်။
(၇) မှော်ရုံဟေ၀န် ဂီတကို 'ချွတ်ချံ' ခေါ်သည်။
(၈) မှိုင်းမှုံပြာညို ဂီတကို 'ငုငစ်' ခေါ်သည်။
(၉) လွမ်းပိုအောင် ဂီတကို 'ချူခြာ' ခေါ်သည်။
(၁၀) ဆန်းနွေဦး ဂီတကို 'ကပီ' ခေါ်သည်။
(၁၁) တလိုင်းစိန်ချယ်ညီလင်း ဂီတ ကို 'အလေ့မေ့' ခေါ်သည်။
(၁၂) ဝေဇယန္တာ ဂီတကို 'မဟိုရ်သီ'ခေါ်သည်။

No comments:

Post a Comment