Friday, December 26, 2008

ရာ-ရု-ရူ-ရေ-ရဲ---ရာဂီမျိုး ၅-ပါး။ မှ ရဲဘော် ၃-ကျိပ်၊

ရာဂီမျိုး ၅-ပါး။ ။ ဓာတ်တပါးတို့အား စွဲကပ်ညစ်ညူးစေတတ်သောဓာတ်မျိုး ငါးပါး။
(၁) ပြဒါး၊
(၂) ကြေး၊
(၃) သံ၊
(၄) သွတ်၊
(၅) ဂျွတ်၊
အဂ္ဂိရတ်ဝေါဟာရ။

ရာဇဂုဏ် ၆-ပါး၊ ဘုရင်များ၊ ပြင်ထား အဆင့်ဆင့် ။ ။ ဘုရင်မင်းမြတ်တို့၌ရှိထား ပြုလုပ်အပ်သော ဂုဏ်ခြောက်ပါး၊ အမရကောသ အဘိဓာန်ဋီကာမှ။
(၁) သန္ဓိ ဂုဏ်- ရန်သူတို့နှင့် သင့်တင့်အောင် တစုံတခု သောလက်ဆောင်ဖြင့် စေ့စပ်နိုင်မှု၊
(၂) ၀ိဂ္ဂဟ ဂုဏ်- သူ့နိုင်ငံကို စစ်ထိုးအောင်နိုင် ပြုစွမ်းနိုင်မှု၊
(၃) ယာန ဂုဏ်- ရန်သူတို့ကို တိုက်ခိုက်ရန် ချီတက်နိုင်ရေး ယာဉ်ရထားအားအင်ရှိခြင်း၊
(၄) အာသန ဂုဏ်- ခံစစ်ထိုးစစ် စသည်တို့အတွက် နေရာကောင်း၌ ရှိနေမှု၊
(၅) ဒွိဓာ ဂုဏ်- သူ့စစ်တပ် အင်အား ညီညွတ်မှုတို့ကို ကွဲပြားအောင်ပြု၍ အနိုင်ယူနိုင်မှုနည်းပရိယာယ်၊
(၆) အာသယ ဂုဏ်- ရန်သူတို့ ကြောက်လန့် ဘွယ်ရာမဟာမိတ် နိုင်ငံကြီးများ အမှီရှိထားမှု။


ရာဇဂုဏ် ၈-ပါး၊ မင်းတရား၊ ကျင့်ငြား မည်သို့နည်း။ ။ ဘုရင်မင်းမြတ်တို့၌ ရှိထားရမည့် ကျေးဇူးဂုဏ် ရှစ်ပါး တနည်းကို ဆိုသည်၊ ရာဇနိတိ။
(၁) ချီးမြှင့် နှိမ့်ချမှု၌ သိကြားမင်းကဲ့သို့ ပြုရခြင်း။
(၂) အခွန်အတုတ်ကောက်ရာ၌ နေမင်းကဲ့သို့ ကျင့်ရခြင်း၊
(၃) လူထုထံ စနည်းနာရာ၌လေကဲ့သို့ မသိမသာ ၀င်ရောက် စုံစမ်းရခြင်း၊
(၄) ယမမင်းကဲ့သို့ မုန်းချစ်မရွေး ပြစ်ဒဏ် ပေးရခြင်း၊
(၅) သမုဒ္ဒရာကဲ့သို့ ဥစ္စာကို မတောင့်တ မခွဲခြားဘဲ ဘဏ္ဍာတိုက်ထဲသို့သာ ၀င်စေခြင်း၊
(၆) လပြည့် ၀န်းကဲ့သို့မျက်နှာကိုပြ၍ ရွှင်ပျ ၀မ်းမြောက်စေခြင်း၊
(၇) မြေကြီးကဲ့သို့ ကောင်းဆိုး သတ္တ၀ါတို့အား အမျှထား၍ ကျင့်ရခြင်း၊
(၈) မိုဃ်းနတ်သားကဲ့သို့ဗိုလ်ပါ အမှုထမ်းတို့အား စားနပ်ရိက္ခာ ပေးရခြင်း။

ရာဇဂြိုဟ်ပြည်ကြီး၊ ၀န်းရံဆည်း၊ တောင်ကြီး ၅-လုံးကာ။ ။ ရာဇဂြိုဟ်ပြည်၏အရံတောင် ၅-လုံး၊
ဝေဘူလတောင်, ဝေဘာလတောင်, ဂိဇ္ဈကုဋ်တောင်, ဣသိဂိလိတောင်, မကုဋတောင်။

ရာဇဓံ ၁၀-ပါး၊ မင်းမြတ်များ၊ ထိပ်ထား ဦးပန် ဆင်။ ။ ရာဇဓမ္မဆယ်ပါးကို ဆိုသည်၊ သရုပ် (မင်းကျင့်တရား ၁၀-ပါး)နှင့် တူ၏။

ရာဇဗလာ၊ အင် ၅-ဖြာ၊ ကျမ်းလာ အညီကျင့်။ ။ ၎င်းင်း သရုပ်ကား (မင်းတို့အား ၅-ပါး)နှင့် တူ၏၊ ကျမ်းဂန်တို့၌ ထူးပြားမရှိ။

ရာဇသတ္တိ၊ ၃-ပါးရှိ၊ ကျင့်ဘိ မင်းအများ။ ။ ၎င်းင်းသရုပ် (မင်း ဧကရာ၊ သတ္တိမှာ၊ ၃-ဖြာရှိ၏၊ အဘယ် နည်း?) ပုစ္ဆာ၌ ဆိုခဲ့ပြီ။

ရာထူးရာခံ၊ မခန့်ထိုက်သူမျိုး ၅-ယောက်။ ။
(၁) မာနိက- မာန်တက်ကြွသူ၊
(၂) မဟိစ္ဆာ- လောဘကြီးသူ၊
(၃) နိကတ- ကောက်ကျစ် စဉ်းလဲသူ၊
(၄) အလသ- အပျင်း ထူသူ၊
(၅) အ ကတညူ- ကျေးဇူးမသိတတ်သူ၊ (ပေါရာဏ ဒီပနိ။)

ရာမမင်း ၃-မျိုး။ ။ ရာမ ဟု ထင်ရှား သော မင်း ၃-ပါး၊ သင်္ချာ အရာ၌"ရာမ" ဆိုလျှင် ၃-ခုဟော သိရာ၏။
(၁) ဘုရားအလောင်း ရာမမင်း၊
(၂) ယိုးဒယား ရာမမင်း၊
(၃) ဣန္ဒိယ ဗသျှု ရာမမင်း။

ရာမမင်း ၃-မျိုး၊ တနည်း။ ။ ဤကား သက္ကဋကျမ်းလာတည်း၊ ၎င်းင်း ၃-ပါးကိုသာ ပညာရှိများ နှစ်သက်ကြသည်။
(၁) ပရသု ရာမမင်း- ပရသျှူ၊ ယမဒဂ္ဂိ ရသေ့ကြီး၏ အမျိုးဖြစ်၍ ဗိဿနိုး၏ အ၀တာရလည်း ဖြစ်၏၊
(၂) စန္ဒြ ရာမမင်း- အယုဒ္ဓယပြည် ဒသရထ မင်းကြီး သားတော်ဖြစ်၍ ထင်ရှားသည်၊
(၃) ဗလ ရာမမင်း- ကြိရှဏ၏နောင်တော်ဖြစ်သောကြောင့် ထင်ရှား၏

ရာသီ ၁၂-ပါး၊ လ, ပန်း, ပွဲ, နက္ခတ်, တရာ, ရာသီရုပ် ပုံများ။ ။ ၎င်းင်း၏သရုပ်စုံကို
(ဆယ့်နှစ်ရာသီ)၌ ရှုပါ။

« ရု »

ရုပ်တရား ၂၈-ပါး။ ။ အကြောင်းတရား လေးပါးအားလျော်စွာ ဖေါက်ပြန်တတ်သော တရား ၂၈-ပါး။
(က) မဟာဘုတ်, ဘူတရုပ်, ၄-ပါး - ပထ၀ီ, အာပေါ, တေဇော, ၀ါယော။
(ခ) ပသာဒရုပ် ၅-ပါး - စက္ခု ပသာဒ, သောတ ပသာဒ, ဃာန ပသာဒ, ဇိဝှါပသာဒ, ကာယ ပသာဒရုပ်။
(ဂ) ဂေါစရုပ် ၇-ပါး - ရူပ, သဒ္ဒ, ဂန္စ, ရသ၊ ပထ၀ီ, တေဇော, ၀ါယော, ခေါ် ဓာတ်ကြီး ၃-ပါး အပေါင်းကို ဖောဋ္ဌဗ္ဗရုံ၊ ဤ၌ဖောဋ္ဌဗ္ဗရုပ် ခေါ် ပ, တေ, ၀ါ, ၃-ပါးသည် မဟာဘုတ်၌ ပါပြီးဖြစ်၍ ရုပ် ၄-ပါးသာ ရေတွက်ရသည်။
(ဃ) ဘာဝရုပ် ၂-ပါး၊ ဣတ္ထတ္တံ- မိန်းမ ဖြစ်ကြောင်းရုပ်၊ ပုရိသတ္တံ-ယောက်ျားဖြစ်ကြောင်းရုပ်
"ဣတ္ထိဘာဝရုပ်, ပုံ ဘာဝရုပ်" ဟူ၏။
(င) ဟဒယရုပ် ၁-ပါး - ဟဒယ၀တ္ထုရုပ်။
(စ) ဇိဝိတရုပ် ၁-ပါး - ရုပ်ဇီဝိတိနြေ္ဒ။
(ဆ) အာဟာရရုပ် ၁-ပွး- ရသာ ၆-ပါး၌ ပါသော အဆီ အစေး ဗီတာမင်ဓာတ်။
(ဇ) ပရိစ္ဆေဒရုပ် ၁-ပါး - အာကာသဓာတ်, ပိုင်းခြား ဖွင့်လွှတ်မှုသဘော။
(ဈ) ၀ိကာရရုပ် ၅-ပါး- ကာယ၀ိညတ်, ၀စီဝိညတ်, လဟုတာ, မုဒုတာ, ကမ္မညတာ။
(ည) လက္ခဏရုပ် ၄-ပါး- ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာ။

ရုပ်ကို မဖြစ်စေနိုင်သော စိတ် ၁၆-ပါး။ ။
ပဋိသန္ဓေစိတ်၊
ရဟန္တာတို့၏စုတိစိတ်၊
ဒွေပဉ္စ၀ိညာဉ် ၁၀၊
အရူပ၀ိပါက် ၄၊
အဋ္ဌသာလိနီ အဋ္ဌကထာ။

ရုပ်သေးကပွဲ၊ ပါစမြဲ၊ ထုတ်ဆွဲ ၂၈-ရုပ် ။ ။ ရုပ်သေးပြပွဲ စီမံရာ၌ အဘိဓမ္မာလာ မဟာဘုတ် ၄-ပါးကိုစွဲ၍ ၀န်ရုပ် ၄-ပါးနှင့် ဥပါဒါရုပ် ၂၄-ပါးကိုစွဲ၍ အခြားရုပ်များ ၂၄-ရုပ်၊ ဤသို့လျှင် ရုပ်တရား ၂၈-ပါးအရ အရုပ်ပေါင်းလည်း ၂၈-ရုပ် ဖြစ်သည်ဟူ၏၊ ကပ္ပါပြု၊ မြင်းမိုရ်တောင်ကိုမူတည်၍ နတ်ကတော်ရုပ် အဦးထွက်သည်။
(၁) နတ်ကတော်ရုပ်၊ မြင်းရုပ်၊ ဆင်ရုပ်၊ ကျားရုပ်၊ ဆင်ထိန်းရုပ်၊
ဘီလူးရုပ်၊ ကုမ္ဘဏ်ရုပ်၊ ကြက်တူရွေးရုပ်၊ ငှက်ရုပ်၊ ဂဠုန်ရုပ်၊(၁၀)
နဂါးရုပ်၊ ဇော်ဂျီရုပ်၊ သေဋ္ဌေးရုပ်၊ စုန်းမရုပ်၊ နတ်ရုပ်၊ နေရာထိုင်ခင်းရုပ်၊
ရှင်ဘုရင်ရုပ်၊ ရွှေနန်းဆက် မိဖုယားရုပ်၊ မင်းသားလတ်ရုပ်၊ မင်းသားနုရုပ်၊(၂၀)
မင်းသ္မီးရုပ်၊ သံချိုလက်စွဲတော်ရုပ်များ၊ သံပျက် လက်စွဲရုပ်များ၊ မင်းကြီးသက်တော်ရှည်ရုပ်၊
ရွှေတိုက်ဝန်ရုပ်၊ ၀န်ထောက်ရုပ်၊ ဂုတ်ဝန်ရုပ်၊ (၀ါ) မြို့တော်ဝန်၊ ပုဏ္ဏား (၀ါ) ဆရာတော် ရုပ်ပုံ။(၂၈)

« ရူ »

ရူပ ၁၆-ဘုံ။ ။ ရူပါဝစရဗြဟ္မာတို့ နေရာဘုံ ၁၆-ပါး၊
ဗြဟ္မပါရိသဇ္ဇာဘုံ၊ ဗြဟ္မပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံ၊ ပေါင်း ပဌမဈာန် ၃-ဘုံ။
ပရိတ္တာဘာဘုံ၊ အပ္ပမာဏဘာဘုံ၊ အာဘဿရာဘုံ၊ ပေါင်း ဒုတိယ ဈာန် ၃-ဘုံ။
ပရိတ္တာသုဘာဘုံ၊ အပ္ပမာဏာသုဘာဘုံ၊ သုဘကိဏှာဘုံ၊ ပေါင်းတတိယဈာန် ၃-ဘုံ။
ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ အ၀ိဟာဘုံ၊ အတပ္ပါဘုံ၊ သုဒဿာဘုံ၊ သုဒဿီဘုံ၊ အကနိဋ္ဌာဘုံ၊ ပေါင်း စတုတ္ထဈာန် ၇-ဘုံ။

« ရေ »

ရေအကျိုး ၁၀-ပါး။ ။ ရေလှူသော ပုဂ္ဂိုလ်များ ဆုမတောင်းဘဲ ၎င်းင်းအကျိုးဆယ်ပါးကို ရသည် ဟူ၏။
(က) ကိတ္ထိ, သုဒ္ဓေါ၊ ခြွေရံပေါ၊ လျင်ဆောမွတ်သိပ်ကွာ၊
(ခ) သန့်ရှင်း, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဥာဏ်ပညာ၊
(ဂ) ရေကိုလှူကြ၊ ကျိုးဆယ်ဝ၊ မုချရမည်သာ။

ရေနံဓာတ်မှ ထွက်သောပစ္စည်းမျိုး ၁၀-ပါး။ ။ ရေနံဓာတ်မှ ခွဲထုတ်ယူငင်သောအရာများ။
ရေနံဆီနီ၊ ရေနံဆီဖြူ၊ ဂျက်လေယာဉ်ပျံဆီ၊ လေယာဉ်ပျံဆီ၊ ဓာတ်ဆီ၊
ဖယောင်းဆီ၊ ဒီဇယ်ဆီ၊ စက်ဆီ၊ ထိုးဆီ၊ ကတ္တရာစေးတို့ဖြစ်ကြ၏။

ရေနေသတ္တ၀ါ၊ ကုဋေ ၁၀-ဖြာ၊ နာမာမျိုးမည်၊ အဘယ်နည်း?။ ။ ဤ၌"ကုန်းနေ ၉-ကုဋေ၊ ရေနေ ဆယ်ကုဋေ"ဟု ဆိုရိုးသာ ရှိသော်လည်း အနန္တ ၄-ပါးမှာ ပါဝင်နေတဲ့ သတ္တ၀ါတို့၏ အမျိုးအမည်ကို ဘယ်သူထုတ်ဖေါ် ဖြေကြားနိုင်အံ့နည်း၊ ၎င်းင်း သင်္ချာနည်းကို အနေကသင်္ချာဟုမှတ်ရာ၏၊ အတိအကျ မယူရာ။

ရေးချအပြား၊ မျိုး ၂-ပါး၊ သိထားမြန်မာမှု။ ။ မြန်မာစာပေ ရေးသားရာ၌လိုက်နာရမည့် ဥပဒေများ။
(၁) မောက်ထိုးချ (ါ ) "ခ, ဂ, င, ပ, ဖ, ၀" တို့၌ ရေးသည်၊ ပုံ-ခါ, ပါ, ၀ါ, စသည်၊
(၂) ဘေးခွဲချ (ာ ) ကျန်အက္ခရာတို့၌ ရေးသည်၊ ပုံ-ကာ, စာ, ဓာ, ဗာ, ။

« ရဲ »

ရဲဘော် ၃-ကျိပ်၊ အင်္ဂလိပ်၊ ၀ိုင်းနှိပ်တိုက်နှင်ထုတ်။ ။ မြန်မာသက္ကရာဇ် ၁၃၀၂-ခုနှစ်၊ အင်္ဂလိပ် ၁၉၄၁-ခု၊ ၁၂-လ၊ ၂၆-ရက်နေ့၌ ယိုးဒယားပြည် ဘန်ကောက်မြို့တော်ရှိ မျိုးချစ် ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏အိမ်တွင် ဘီ၊ အိုင်၊ အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို စတင်တည်ထောင်ကာ ရဲဘော် ၃-ကျိပ်ဝင်တို့ ကိုယ်တိုင် ဦးစီး ကြပ်မတ်၍ ဗိုလ်လုပ် ပြီး မြန်မာပြည်၌ စိုးမိုးအုပ်ချုပ် မတရား မင်းလုပ်နေသော အင်္ဂလိပ်အစိုးရကိုဝိုင်းဝန်းတိုက်ခိုက် နှင်ထုတ်ပြီးနောက် ဂျပန်တို့ကိုပါ တော်လှန်တိုက်ခိုက်လျက် ဗမာပြည်ကြီး ကိုယ်ပိုင်ရအောင် ပြန်ဆောင်ယူပေးခဲ့သူများဖြစ်လေသည်၊ အကျယ်ကို "ရဲဘော်၃-ကျိပ်"ခေါ် ၎င်းင်းတို့ အတ္ထုပ္ပတ္တိစာအုပ်၌ရှုပါလေ။
၁- သခင်အောင်ဆန်း (ဗိုလ်တေဇ)။
၂- သခင်လှဖေ(ဗိုလ်လက်ျာ)။
၃- သခင်ရှုမောင် (ဗိုလ်နေ၀င်း)။
၎- ကိုလှမောင်(ဗိုလ်ဇေယျ)။
၅- ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)။
၆- သခင်လှမြိုင် (ဗိုလ်ရန်အောင်)။
၇- ကိုရွှေ(ဗိုလ်ကျော်ဇော)။
၈- သခင်စံလှိုင်(ဗိုလ်အောင်)။
၉- ကိုဆောင်း(ဗိုလ်ထိန်းဝင်း)။
၁၀- သခင်ထွန်းရွှေ(ဗိုလ်လင်းယုံ)။
၁၁- သခင်အောင်သိန်း (ဗိုလ်ရဲထွဋ်)။
၁၂- သခင်ဗဂျမ်း (ဗိုလ်လရောင်)။
၁၃- သခင်တင်ဧ(ဗိုလ်ဘုန်းမြင့်)။
၁၄- သခင် ထွန်းခင် (ဗိုလ်မြင့်ဆွေ)။
၁၅- သခင်သန်းတင်။
၁၆- သခင်ထွန်းအုပ်။
၁၇- သခင်အောင်သန်း(ဗိုလ်စကြာ)။
၁၈- သခင်စိုး (ဗိုလ်မြင့်အောင်)။
၁၉- သခင်စံမြ (ဗိုလ်တောက်ထိန်)။
၂၀- ကိုလှ (ဗိုလ်မင်းရောင်)။
၂၁- သခင်စောလွင် (ဗိုလ်မင်းခေါင်)။
၂၂- သခင်ကျော်စိန် (ဗိုလ်မိုးညို)။
၂၃- သခင်သစ် (ဗိုလ်စောနောင်)။
၂၄- သခင်မောင်ဦး (ဗိုလ်တရာ)။
၂၅- သခင်ထွန်းလွင်(ဗိုလ်ဗလ)။
၂၆- သခင်သန်းညွန့် (ဗိုလ်ဇင်ယော်)။
၂၇- သခင်အေးမောင် (ဗိုလ်မိုး)။
၂၈- သခင်မောင်မောင် (ဗိုလ်ညာဏ)။
၂၉- သခင်ငွေ (ဗိုလ်စောအောင်)။
၃၀- သခင်သန်းတင်(ဗိုလ်မြဒင်)။
မှတ်ချက်။ ။ 'မြဟန်' ၏ "ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်"စာအုပ်တွင်
ဗိုလ်ရဲထွဋ်- ကိုအောင်သိန်း၊
ဗိုလ်သန်းတင်- သခင်သန်းတင်(ကမာရွတ်)၊
ဗိုလ်မင်းရောင်- သခင်လှ၊
ဗိုလ်မြဒင်- သခင်သန်းတင်(အုတ်ဖို) ဟုတွေ့ရသည်။
နှိုင်းယှဉ်ကိုးကား(မှတ်စုမှတ်တမ်းများ)တွင်-"ကျော်ငြိမ်း၏ ရဲဘော်သုံးကျိပ်,"စာအုပ် pdf file ရနိုင်ပါသည်