Saturday, December 27, 2008

ဝ-၀ါ---၀ံသ အက္ခရာမျိုး မှ ၀ါရမိတ္တု၊

ဝံသ အက္ခရာမျိုး ၆-ပါး။ ။ ကဗျာ စာပေဆိုရာ၌ အမျိုးအလိုက် ဆိုင်ရာအက္ခရာကို အစထား၍ စပ်ဆိုရကြောင်းနှင့် ဆန်းကျမ်း ဗေဒင်တို့၌ညွှန်းဆို၏။
(၁) ဒလိဒ္ဓ၀ံသ- ဆင်းရဲသားမျိုး အက္ခရာငါးလုံး'က ခ ဂ ဃ င'၊
(၂) အမစၥ၀ံသ- မွဴးမတ္မ်ိဳး အကၡရာငါးလံုး 'စ ဆ ဇ စ် ည'၊
(၃) ဂဟပတိ၀ံသ- သူၾကြယ္မ်ိဳး အကၡရာ ငါးလံုး 'ဋ ဌ ဍ ဎ ဏ ' ၊
(၄) သေဋ္ဌိဝံသ- သေဌေးမျိုး အက္ခရာငါးလုံး 'တ ထ ဒ ဓ န'
(၅) ရတနတ္တယ၀ံသ- ရတနာသုံးပါး အက္ခရာမျိုးငါးလုံး 'ပ ဖ ဗ ဘ မ'၊
(၆) ဗြဟ္မဏ၀ံသ- ဗြဟ္မဏမျိုး အက္ခရာရှစ်လုံး 'ယ ရ လ ၀ သ ဟ ဠ အ'။

ဝံသ အက္ခရာ၊ ၁၂-ဖြာ။ ဆိုင်ရာ မျိုးရိုးသိ။ ။ က၀ိပါသဏ္ဍခေါ် ဆန်းကျမ်းလာ တနည်း။
(၁) ခတ္ထိယ၀ံသ- က ၀ဂ် ၅-လုံး၊
(၂) ဗြဟ္မဏ ၀ံသ- စ ၀ဂ် ၅-လုံး၊
(၃) ၀ဿ ၀ံသ- ဋ ၀ဂ် ၅-လုံး၊
(၄) ဒေ၀ ၀ံသ-တ ၀ဂ် ၅-လုံး၊
(၅) ဗြဟ္မ ၀ံသ- ပ ၀ဂ် ၅-လုံး၊
(၆) သုဒ္ဓ ၀ံသ- ယ အက္ခရာ၊
(၇) အပါယ ၀ံသ- ရ အက္ခရာ၊
(၈) သောတာပန် ၀ံသ- လ အက္ခရာ၊
(၉) သကဒါဂါမ် ၀ံသ-သ အက္ခရာ၊
(၁၀) အနာဂါမ် ၀ံသ- ဟ အက္ခရာ၊
(၁၁) အရဟန္တ ၀ံသ-ဠ အက္ခရာ၊
(၁၂) ဗုဒ္ဓ, ပစ္စေကဗုဒ္ဓ ၀ံသ- အ အက္ခရာ။


ဝင်လေ,ထွက်လေ မရှိသူ ၈-ယောက်။ ။ ၎င်းင်းသရုပ် (အသက်မရှူသူ ၈-ယောက်)၌ ရှုပါ။

ဝင် ၉-၀င်ဟု၊ ခေါ်ဆိုဉပ၊ ကျမ်းစု အဘယ်နည်း?။ ။
(၁) ဗုဒ္ဓ၀င်- ဘုရားအစဉ်အဆက်ကို ပြသောကျမ်း၊
(၂) မဟာဝင်- ဘုရားရှင်တို့၏ ဆွေတော်မျိုးတော် အစဉ်အဆက်ကို ပြသောကျမ်း၊
(၃) ရာဇ၀င်- မင်းအစဉ်အဆက် ကို ပြသောကျမ်း၊
(၄) အနာဂတ ၀င်- နောင်ပွင့်လတံ့သော ဘုရားအစဉ်အဆက်ကို ပြသောကျမ်း၊
(၅) ဓာဌာဓာတုဝင်- ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့၏ စွယ်တော် ဓါတ်တော် အစဉ်အဆက်ကို ပြသောကျမ်း၊
(၆) ဒီပ၀င်- သီဟိုဠ်ကျွန်း သမိုင်းအစဉ်အဆက်ကို ပြသောကျမ်း၊
(၇) ထူပ၀င်- စေတီပုထိုး တို့၏ အစဉ် အဆက်ကို ပြသောကျမ်း၊
(၈) ဗောဓိဝင်- ဘုရားရှင်တို့ ပွင့်တော်မူရာဗောဓိပင် အစဉ်အဆက်ကိုပြသောကျမ်း၊
(၉) သာသနာဝင်- သာသနာတော် အစဉ်အဆက်ကိုပြသောကျမ်း။

ဝင်းမျိုး ၄-ပါး၊ မင်းတရား၊ ပိုင်းခြားမည်သို့ ခန့်သနည်း?။ ။
မြို့တံခါး, နန်းတံခါး လေးမျက်နှာတို့၌ စောင့်ကြပ်သော အစုကြီး ၄-ပါး၊ ဘုရင်မင်းမြတ် ထွက်တော်မူသောအခါလည်း ၀င်း ၄-ပါးရံသည်၊ မြင်းမိုရ်တောင်ထိပ် နတ်မင်းကြီး ၄-ပါးကိုစံထားပြုလုပ်သည် ဟူသတတ်။
(၁) အရှေ့ဝင်း- အရှေ့အရပ် အရှေ့တံခါးစောင့်များ၊
၎င်းင်းတို့ လည်ကုပ်၌ ဓတရဋ္ဌနတ်မင်းကြီး ဂန္ဓဗ္ဗနတ်ကို စီးဟန် ဆေးနီဖြင့် ထိုးနှံထားသည်၊
မြင်းမိုရ်ရောင်ကိုစွဲ၍ ဖြူသော အလံကို ကိုင်ဆောင် လွှင့်ထူရ၏၊
(၂) အနောက်ဝင်း- အနောက်အရပ် အနောက်တံခါးစောင့်များ၊
ဝိရူပက္ခနတ်မင်းကြီး နဂါးစီးဟန်၊ ဆေးထိုးနှံ၊ ချိပ်ရောင် အလံကိုင်၊
(၃) တောင်ဝင်း- လက်ျာဘက်အစောင့် သားများ၊
ဝိရူဠှကနတ်မင်းကြီး ကုမ္ဘဏ်စီးဟန်၊ ဆေးထိုးနှံ့၊ အလံအစိမ်းရောင်၊
(၄) မြောက်ဝင်း- လက်ဝဲဘက် အစောင့်များ၊
ကုဝေရ နတ်မင်းခေါ် ဝေဿ၀ဏ်နတ်မင်းကြီး ဘီလူးစီးဟန်၊ ဆေးထိုးနှံ့၊ အလံတော်အ၀ါအရောင် ကိုင်ဆောင် လွှင့်ထူ၏။

ဝစီက ၄-ပါး၊ ၀စီဒုစရိုက် ၄-ပါး။ ။ ၎င်းင်း၏သရုပ်ကို (ဒုစရိုက်ဆယ်ပါး)မှာ ကြည့်ပါ။

ဝစီ ပဏာမမျိုး ၂-ပါး။ ။ မိမိဘာသာနှင့် ဆိုင်ရာကို နှုတ်မြွက်ရှိခိုးရာ၌ ၂-ပါးအပြားရှိသည်။
(၁) ကေ၀လ ၀စီပဏာမ- ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို မပြမဆိုဘဲ 'ဗုဒ္ဓံ ၀န္ဒာမိ, ဓမ္မံ ၀န္ဒာမိ, သံဃံ ၀န္ဒာမိ'ဟု ရှိခိုးခြင်းမျိုး၊
(၂) ထောမနာ ၀စီပဏာမ မိမိတို့ဆိုင်ရာ ဘုရားသခင်၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို ဖေါ်ဆို ရှိခိုးခြင်းမျိုး၊ 'အရဟတာဒိ န၀ဂုဏေဟိ' စသည်ဖြင့် ချီးကျူး၍ ရှိခိုးခြင်း။

ဝဋ် ၃-ပါးဟု၊ ခေါ်ဆိုပြု၊ လည်မှု သံသရာ။ ။ ၀ိသုဒ္ဓိမဂ်၊ ဒု-အုပ်။ ၂၁၆။ သမ္မောဟ
ဝိနောဒနိ။ ၁၈၄။ ဒုက္ခထည်း၌ ချာချာလည်ခြင်း ၃-ပါး။
(၁) ကိလေသ ၀ဋ်- အ၀ိဇ္ဇာ, တဏှာ, ဥပါဒါန်, ၎င်းင်း ၃-ပါးကို ခေါ်သည်၊
(၂) ကမ္မ ၀ဋ်- သင်္ခါရနှင့်ကမ္မဘ၀ဟု ဆိုအပ်သော ဘ၀ကို ဖြစ်စေတတ်သည့် ကုသိုလ်ကံ, အကုသိုလ်ကံကို ခေါ်သည်၊
(၃) ၀ိပါက ၀ဋ်- ဥပပတ္တိဘ၀နှင့် ၀ိညာဉ်, နာမ်, ရုပ် စသည်တို့ကို ခေါ်သည်။

ဝဋ်တော် ၁၂-ပါး၊ မြတ်ဘုရား၊ ခံစား ကြွေးဟောင်းကို။ ။ ၎င်းင်း သရုပ်အဓိပ္ပါယ်ကို (၀ိပါက်တော် ၁၂-ပါး)မှာ ကြည့်ပါ။

ဝဏ္ဏကသိုဏ်း၊ ရှုသူတိုင်း၊ ၄-ပိုင်း ခြားနားထိ။ ။ ထင်ရှားသောအရောင်အဆင်း များစွာတို့ တွင် နီလ, ပီတ, လောဟိတ, သြဒါတ,ခေါ် သန့်ရှင်းသော အဆင်း လေးပါးကို ပိုင်းခြား၍ ကြိုက်ရာတပါးကို ရှုရာသည်ဟူ၏၊ အကျယ်(ကသိုဏ်း ၁၀-ပါး)၌ ပြန်ကြည့်ပါ။

ဝတ် ၃-ပါးခေါ်၊ တရားတော်၊ ကျင့်နော် လူအများ။ ။ ရဟန်း ရှင်လူကပ္ပါသူ ကပ္ပါသားတို့ လိုက်နာပြုကျင့်ရမည့် ကျင့်ဝတ် သုံးပါး။
(၁) လောက၀တ်- လူလူချင်း ပေါင်းသင်းဆက်ဆံရေးကို အစထား၍ကပ္ပါသားအားလုံးတို့နှင့် မိတ်ဆွေရင်းချာ ဖြစ်နိုင်ရေး ကျင့်မှု လောကွတ်၊
(၂) ဓမ္မ၀တ်- ပစ္စုပ္ပန်ç တမလွန် နှစ်တန်သော ဘ၀၌ ကိုယ်ရေးကိုယ်တာ မြင့်မြတ်ရေးအတွက် ကျင့်ကြံအားထုတ်မှု၊
(၃) ရာဇ ၀တ်- မိမိတို့ဆိုင်ရာဘုရင်မင်းမြတ် သမ္မတအစိုးရတို့ကို ရိုသေလေးမြတ်မှု၊ ဥပဒေအရပ်ရပ်ကိုစောင့် သိလိုက်နာမှု။

ဝတ္တကံခေါ်၊ လယ်ယာတော်၊ ၃-ဘော် ခြားနားဘိ။ ။ ၀တ္ထု=မြေ၊ ဂါမ=အပေါင်း၊ ၀တ္ထုဂါမမှ ၀တ္ထုဂါမ်-၀တ္တကံ ဖြစ်လာသည်၊ ရတနာသုံးပါးနှင့်စပ်၍ လှူသော မြေယာကို ခေါ်ဆို၏။
(၁) ဘုရားမြေ၊
(၂) တရားတော်နှင့်စပ်၍ လှူထားသောမြေ၊
(၃) သံဃာတော် မြေ။

ဝတ္ထုရုပ် ၆-ပါး။ ။ စိတ် စေတသိက်တို့၏ မှီရာတည်ရာ ၆-ပါး။
(၁) စက္ခုဝတ္ထု မြင်တတ်သော မျက်စိ အကြည်ဓာတ်ရုပ်၊
(၂) သောတ ၀တ္ထု-ကြားတတ်သော နား အကြည်ဓာတ်ရုပ်၊
(၃) ဃာန၀တ္ထု- နံတတ်သော နှာခေါင်း အကြည်ဓာတ်ရုပ်၊
(၄) ဇိဝှါဝတ္ထု- အရသာကို ခွဲခြားပေးတတ်သော လျှာ အကြည်ဓာတ်ရုပ်၊
(၅) ကာယ၀တ္ထု-တွေ့ထိမှုကို သိတတ်သော ကာယ၀ိညာဉ်၏တည်ရာ ကာယအကြည်ဓာတ်ရုပ်၊
(၆) ဟဒယ ၀တ္ထု-မနော ၀ိညာဉ်၏ တည်ရာ နှလုံးသွေးအကြည်ဓာတ်။

ဝန်ကြီး ၄-ပါး၊ ဘုရင်များ၊ ခန့်ထား အဘယ်နည်း?။ ။ မြန်မာဘုရင်မင်းမြတ်တို့ လက်ထက် လွှတ်ရုံး၎-ရပ်၌ ဆုံးဖြတ်စီရင်ရသော"အဂ္ဂ မဟာသေနာပတိ" ဘွဲ့ခံ ပြန်တမ်းတော်ကြီးဝင် ၀န့်ရှင်တော်မင်းကြီး လေးပါးကိုပင်ဝန်ကြီးလေးပါး ခေါ်တွင်ကြသည်။

ဝန်ချိန် ၃-ဖြာ၊ သတ်မှတ်ခါ၊ လိုက်နာ လူထုသုံး။ ။ ၀တ္ထုပစ္စည်းအချင်းချင်း နားလည်မှုအတွက် သတ်မှတ်ပိုင်း ခြားသည့် ပမာဏအပြား ၃-ပါး။
(၁) တိုင်းဝန်-လက်သစ်, ထွာ, တောင်တာ, ယူဇနာ, မီတာ, ပေ, ကိုက်, ဖာလုံ, မိုင်, စသည်ဖြင့် အတိုင်းအရှည်ပြုပေးရသော ၀တ္ထုပစ္စည်းမျိုး၊
(၂) ချိန်ဝန်- ရွေး, ပဲ, မူး, ကျပ်, ပိုလ်, ပိဿာ, ပေါင်, တန်, စသည်ဖြင့် နှိုင်းချိန်၍ပေးရသော ၀တ္ထုပစ္စည်းမျိုး၊
(၃) ခြင့်ဝန်- ကွမ်းစား, စလယ်, ပြည်, စိတ်, တင်း, တို့, ကက်, ကျပ်, ကျီ, ကြ, စသည်ဖြင့်နှိုင်းယှဉ် ခြင့်တွယ်ပေးရသော အရာဝတ္ထုမျိုး။

ဝန်စုရ မင်းမျိုး ၅၀။ ။ မော်ပီ ဆရာသိန်းကြီး မှတ်တမ်းမှ၊
ဆင်ဝန်။ အောက်မားဝန်။ ဆင်ဖြူဝန်။ စီးတော်မြင်းဝန်။ စို့ ၄၀-ဒိုင်းဝန်။
ကောင်းဟန်ဝန်။ ရွှေပြည်ဝန်။ နောက်တော်ပါမြင်းဝန်။ ကသည်းမြင်းဝန်။ အက္ကပတ်မြင်းဝန်။(၁၀)။
နန်းဦးမင်္ဂလာ မြင်းဝန်။ တောင် ရွှေပြည်ရန်အောင် မြင်းဝန်။ မြောက် ရွှေပြည်တန်ခွန်ဘက် မြင်းဝန်။
ကျုံးဝန်။ အုဌ်ဝန်။ နန်းကံကျွေးဝန်။ ယွန်းစုဝန်။ သူရဲဝန်။ အမြောက်ဝန်။ ကျီဝန်(နတ်ထိန်းနတ်အုပ်ဆေးသမား) (၂၀)။
အဝေးကျီဝန်။ (ဘဏ္ဍာတိုက်)ငွေခွန်ဝန်။ ပုဏ္ဏားဝန်။ ကုလားဝန်။ ကသည်းဝန်။ ဆတ္တာဝန်။ အရွက်ဝန်(ကုဋ္ဌနူနာ ဆိုင်ရာ)။
အမွေဝန် (သုသာန်ဆိုင်ရာ အမွေတိုက်)။ ဖေါင်ဝန် (လှေသမ္ဗန်ဆိုင်ရာ)။ မဟာဒါန်ဝန်(အလှူဒါနဆိုင်ရာ)။ (၃၀)။
ဝတ်မြေ၀န် (ဘုရားစေတီနှင့် ဆိုင်ရာ)။ တံဆိပ်တော်ဝန် (ဘွဲ့ပုံတံဆိပ်ဆိုင်ရာ)။ အိမ်ရှေ့ဝန်။ ဖလ်ချက်ဝန်။
သံချက်ဝန်။ ပန်းတဉ်းဝန်။ ပန်းဘဲဝန်။ ဒနက် ပလာဆင်ဝန်။ ရွှေတိုက်ဝန်။ အချုပ်ဝန်။(၄၀)။
မြေနန်းဝန်။ ခင်မမင်းဝန်။ ရေကြည်ဝန်။ စားတော်ဝန်။ စက်ဝန်။ တရုတ်ဝန်။ ယိုးဒယားဝန်။ တိရစ္ဆာန်ဝန်။ သဘင်ဝန်။ ပန်းထိမ်ဝန်။ (၅၀) အခြားဝန်များစွာ ရှိသေးသည်။

ဝန်တိုခြင်းမျိုး ၅-ပါး။ ။ ၎င်းင်းသရုပ် အဓိပ္ပါယ် အကျယ် (မစ္ဆရိယတရား၅-ပါး)နှင့် တူ၏။

ဝန္ဒနာအပြား၊ မျိုး ၃-ပါး၊ ဖြေကြား ပညာသျှင်။ ။ ရှိခိုးခြင်း အမျိုးအစား၃-ပါး။
(၁)ကာယ ၀န္ဒနာ- ကိုယ်အင်္ဂါတို့ဖြင့် ရှိခိုးခြင်း၊
(၂) ၀စီ ၀န္ဒနာ- ဂုဏ်ကျေးဇူးတို့ကို နှုတ်မြွက်၍ ရှိခိုးခြင်း၊
(၃) စိတ္တ ၀န္ဒနာ- ဂုဏ်ကျေးဇူးတို့ကို အစဉ်အောက်မေ့၍ စိတ်ဖြင့် ရှိခိုခြင်း။

ဝသီဘော် ငါး၊ ခေါ်ဆိုငြား၊ ပိုင်းခြား ဆင်ခြင်ဥာဏ်။ ။ ၀ိသုဒ္ဓိမဂ်၊ပ-အုပ်။၁၄၉။ ၎င်းင်း။ ဒု-အုပ်။ ၃၄၆။ လေ့ကျင့်ခြင်းသို့ ရောက်ပြီးသော တရားငါးပါး။
(၁) အာဝဇ္ဇန ၀သီဘော်- ဈာန်မှထသောအခါ ဘ၀င်ကိုအကြိမ်များစွာမကျစေဘဲ ဈာန် အင်္ဂါတို့ကို လျင်မြန်စွာ ဆင်ခြင်နိုင်သော "အာဝဇ္ဇန်း"ကိုခေါ်သည်။
(၂) သမာပဇ္ဇန ၀သီဘော်- ဈာန်ကို အလိုရှိသောခဏ၌ ဖြုတ်ချည်းဝင်စားနိုင်ခြင်းမျိုးကို ဆိုသည်။
(၃) ၀ုဋ္ဌာန ၀သီဘော်- မိမိပိုင်းဖြတ် မှန်းဆထားသော အချိန်၌ ဈာန်ဇောမှ ဖြုတ်ချည်းထနိုင်ခြင်းကို ဆိုသည်။
(၄) အဓိဋ္ဌာန်န ၀သီဘော်- မိမိအဓိဋ္ဌာန်ထားသမျှသော ကာလပတ်လုံးဈာန်ဇောကို ဖြစ်စေနိုင်ခြင်းကို ခေါ်ဆိုသည်။
(၅) ပစ္စဝေက္ခဏာ ၀သီဘော်- ဈာန်အင်္ဂါကို ဆင်ခြင်ပြီးလျှင် တဖန်ဈာန်ကို အလျင်အမြန် ၀င်စားရန်အတွက် ဈာန်အင်္ဂါတို့ကို ဆင်ခြင်သောအခါ ၇-ကြိမ်မကျစေမူ၍ ၄-ကြိမ် ၅-ကြိမ်မျှသာ ကျစေသော"ပစ္စဝေက္ခဏာဇော"ကို ခေါ်ဆိုသည်။

« ၀ါ »

ဝါကျတ္ထ ဒေါသမျိုး ၆-ပါး။ ။ အလင်္ကာကျမ်းလာ ၀ါကျအနက် အပြစ် ၆ပါး။
(၁) အပက္ကမ ဒေါသ- ရှေ့နောက်စကားစဉ် ဖေါက်ပြန်သော အပြစ်၊ပုံ-'ဘာဝနာ သီလ ဒါန' စသည်။
(၂) ဂမ္မ ဒေါသ- မယဉ်ကျေးသော စကားလုံးတို့ဖြင့် ရေးသုံးမှု၊ ပုံ-'ကျယ်သောဖင်၊ ရွှင်မြူးဖူးထသော နို့' စသည်။
(၃) သံသယတ္ထ ဒေါသ- ယုံမှားဘွယ်ရှိသော အနက်ထွက်သည့် အသုံးအနှုန်းမျိုး၊ ပုံ-'ပေးလှူဒါန ထိုဗုဒ္ဓကို' " သမ္မာသမ္ဗုဒ္ဓကို? ပစ္စေကဗုဒ္ဓ?" ။
(၄) ဘဂ္ဂရီတိ ဒေါသ-၀ိဘတ်အနက် ကျိုးပျက်သော အနှုန်းအဖွဲ့မျိုး၊ ပုံ-'ထိုထက်နည်းနည်း၊
လှူပြီးဒါန'၊ "နည်းလျှင်'အောက်'နှင့်သုံးရမည်၊ များမှ'ထက်' နှင့် သုံးရမည်"။
(၅) သြစိတြ ဟီန ဒေါသ- ရှေ့နောက်မညီ ယုတ္တိမတန်သော အသုံးအနှုန်း၊ ပုံ-" ခြင်္သေ့ ဆင် ကျား၊ မကြောက်ငြားဘဲ၊ ကြွက်သားနီတာ၊ကြောက်ရွံ့ရှာသည်" ။
(၆) ဒုဋ္ဌာ လင်္ကတိ ဒေါသ-အလင်္ကာများကို ဖျက်ဆီးသော အပြစ်ဒေါသ အသုံးအနှုန်း ဟူသမျှ။

ဝါကျဒေါသမျိုး ၉-ပါး။ ။
စာပေ၀ါကျ စီကုံးရာ၌ ရှောင်ရှားရမည့်အပြစ်၉-ပါး၊ အလင်္ကာ ဥပဒေရပ်များ။
(၁) ဧကတ္ထ ဒေါသ- အကျိုးမရှိဘဲလျက် အနက်သဒ္ဒါ ၂-ပါးကို ထိုဝါကျထဲ၌ အဖန်တလဲလဲ ထပ်၍ပြဆိုခြင်းမျိုး၊
(၂) အဂ္ဂရီတိ ဒေါသ- စကားအစဉ် ကျိုးပျက်လျက် ရှုပ်ထွေးမြုပ်ကယ်သွားသော အသုံးအနှုန်းများ၊
(၃) ဂမ္မ ဒေါသ- ရိုင်းပြသောစကားလုံး အသုံးအနှုန်းတို့ဖြင့် စီကုံးမှု၊
(၄) အပေတတ္ထ ဒေါသ- ပိဏ္ဍတ္ထ ခေါ် အနက်ပေါင်း အဓိပ္ပါယ်ကောက်၍ မရနိုင်သော စီကုံးမှုမျိုး၊
(၅) ဗျာကိဏ္ဏ ဒေါသ- စပ်သင့် နီးသင့်သော ပုဒ်များကို နီးနီးမထားကျော်လွှားခုန်ပေါက် ကမောက်မက ရှုပ်ထွေးစွာ ပြထားမှုများ၊
(၆) ယတိဟီနဒေါသ- ဖြတ်ရမည့်နေရာ၌ အဖြတ်မပြ ဖြတ်မရအောင် ရေးသားထားမှုများ၊
(၇) အတိဝုတ္တဒေါသ- အပြောကြီးလွန်း ကြွားလွန်းသော စီကုံးရေးသားမှု၊
(၈) သဗန္ဓ ဖရုသ ဒေါသ- ကျယ်လောင်သော အသံဖြင့်ရွတ်ဖတ်ရသည့် ဓနိတ အက္ခရာတွေ များများထည့်သွင်း စီကုံးမှု၊
(၉) ကမစ္စုတ ဒေါသ- လောကသုံး ထုံးတမ်းစဉ်လာမှ တော်လှန်ပုန်ကန် သောအသုံးအနှုန်းများ။

ဝါဆိုခြင်းများ၊ မျိုး ၂-ပါး၊ ဘုရားခွင့်ပြုချက်။ ။ ရဟန်းတော်များ ၃-လအတွင်း အရပ်တပါးသို့ မရွှေ့ပြောင်းရဘဲ နေထိုင်ကပ်ဆိုရမည့် အချိန်ကာလမျိုး ၂-စား။
(၁) ပုရိမာ ၀ါ- ၀ါဆိုလပြည့်ကျော် တရက်နေ့မှသည် သီတင်းကျွတ်လပြည့်နေ့ထိ၊ ၎င်းင်းကို 'ပထမ၀ါ'ဟုလည်း ခေါ်ဆိုသည်၊
(၂) ပစ္ဆိမ ၀ါ- ၀ါခေါင်လပြည့်ကျော် တရက်နေ့မှသည် တန်ဆောင်မုန်းလပြည့်နေ့ ထိ၊ ၎င်းင်းကို'ဒုတိယ၀ါ'ဟုလည်း ခေါ်ဆိုသည်။

ဝါတော်ဆိုရာ၊ မြတ်ဗုဒ္ဓါ၊ ဌာနာ ၁၇-သိ။ ။ ဇိနာလင်္ကာရဋီကာနှင့် ဗိုလ်ကလေး
ဦးသက်ရှည်ရေး ၀ါတော်စဉ် မြေပုံမှ။
(၁) ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယ ၀ိဟာရ၌ ပဌမ၀ါဆိုသည်၊
(၂) ရာဇဂြိုလ် ဝေဠုဝန်ကျောင်း၌ဒု,တ,စ, ပေါင်း၃-၀ါ၊
(၃) ဝေသာလီပြည် မဟာဝုန်ကျောင်း၌ ပဉ္စမ၀ါ၊
(၄) ရာဇဂြိုလ် မကုဠတောင် ချယားတော၌ ဆဋ္ဌမ၀ါ၊
(၅) တာဝတိံသာ ပင်လယ်ကသစ်ပင်ရင်း၌ သတ္တမ၀ါ၊
(၆) ဘဂ္ဂတိုင်း သံသုမာရတောအုပ်၌ အဋ္ဌမ၀ါ၊
(၇) ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ န၀မ၀ါ၊
(၈) ၎င်းင်းပြည် ပလလည်းတော အင်ကြင်းပင်အောက်၌ ဒသမ၀ါ၊
(၉) ဗြဟ္မဏဂါမ နာလိကာရုံကျောင်းတော်၌ ဧကာဒသမာဝါ၊
(၁၀) ဝေရဉ္စရာပုဏ္ဏားရွာ တမာပင်ရင်း၌ ဒွါဒသမ၀ါ၊
(၁၁) ဇာလိယတောင်၌ ၁၃-၀ါမှာတကြိမ်, ၁၈-နှင့် ၁၉-၀ါမှာ တကြိမ် ပေါင်း ၃၀ါ၊
(၁၂) သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ ၁၄-၀ါမှာ တကြိမ်, ၂၁-၀ါမှ ၄၄-၀ါထိတကြိမ်ဆို၊ ပေါင်း ၂၅-၀ါ၊
(၁၃) ကပ္ပိလ၀တ်ပြည် နိဂြောဓာရုံကျောင်း၌ ပန္နရသမ၀ါ၊
(၁၄) အာဠ၀ီပြည် မဟာဝုန်တော၌ သောဠသမ၀ါ၊
(၁၅) ရာဇဂြိုလ်ပြည်နယ် နလန္ဒရွာ သာရီပုဏ္ဏေးမကြီးကျောင်း၌ သတ္တရ-သမ၀ါ၊
(၁၆) ၎င်းင်းနယ် ဂိဇ္ဈကုဋ်တောင်၌ ၀ီသတိမ၀ါ၊
(၁၇) ၄၅-၀ါမြောက်နောက်ဆုံး ဝေဠုဝရွာ၌ ၀ါဆိုတော်မူသည်။

ဝါဆိုလပြည့် နေ့ထူးကြီး ၄-ချက်။ ။ သုတ်မဟာဝါ အဋ္ဌကထာ။ ၁၈။ငါတို့သာသနာ ဂေါတမအလောင်းတော်သည်ဝါဆိုလပြည့်နေ့၌။
(၁) ပဋိသန္ဓေတည်နေတော်မူခြင်း၊
(၂) တောထွက်တော်မူခြင်း၊
(၃) ဓမ္မစကြာတရားဦးဟောတော်မူခြင်း၊
(၄) တိတ္ထိတို့ကို နှိမ်နင်းသဘင် တန်ခိုးပြာဋိဟာပြ၍ တာဝတိံသာနတ်ပြည်သို့ကြွတော်မူခြင်းတို့ ဖြစ်၏။

ဝါဒီ ၁၀-ပါး၊ လိမ်မာငြား၊ စကားအဘယ်နည်း?။ ။ ၎င်းင်းသရုပ်ကို(ကထာမျိုး ၁၀-ပါး)
၌ ရှုပါလေ။

ဝါပန်သွားရာ၊ ရဟန်းမှာ၊ မှတ်ပါ 'တုံ'၃-ချက်။ ။ ရဟန်းတော်များဝါတွင်း ခရီးသွားရန်
အတွက် တုံ ၃-ချက်ခေါ် အင်္ဂါ၃-ပါးနှင့် ပြည့်စုံမှ ၀ါကျိုး ၀ါပျက်ဝိနည်းဥပဒေမှ လွတ်သည်၊ ၀ါပန်၍သွားကောင်းသည်ဟူ၏၊
(၁) ဒါနဉ္စဒါတုံ- အလှူပေးခြင်းငှါ အလှူခံပင့်ခြင်း၊
(၂) ဓမ္မဉ္စ သောတုံ- တရားနာခြင်းငှါ တရားဟော ပင့်ခြင်း၊
(၃) ဘိကံ္ခုစ ပဿိတုံ- ဖူးမြင်လို၍ ပင့်ခြင်း။

ဝါယောဓာတ် ၆-ပါး။ ။ မူလပဏ္ဏာသ။ပါ။၁၉၇ ။ဋ္ဌ။ ၃၇-၌ အကျယ်ရှု။လေဓာတ်ကို ၀ါယော
ဓာတ်ဟု ခေါ်ဆိုသည်၊ သတ္တ၀ါတို့၏ ကိုယ်တွင်း၌ ၆-ပါး အပြားရှိ၏၊ ၀ိသုဒ္ဓိမဂ်။
(၁) ဥဒ္ဓင်္ဂမ ၀ါယော- အထက်သို့ပျို့အန်ဆန်တက် တတ်သောလေ၊
(၂) အဓောဂမ ၀ါယော- အောက်သို့ စုန်းဆင်းသော လေ၊
(၃) ကုစ္ဆိဋ္ဌ ၀ါယော- ၀မ်းတွင်း၌ တည်သောလေ၊
(၄) ကောဋ္ဌာသယ ၀ါယော- အူမ၌ တည်သော လေ၊
(၅) အင်္ဂမင်္ဂါနုသာရီ ၀ါယော- အင်္ဂါကြီးငယ်သို့ လျှောက်သွားသောလေ၊
(၆) အဿာသ ပဿာသ ၀ါယော- ထွက်သက် ၀င်သက် လေ။

ဝါရမိတ္တု၊ သတ္တရု၊ မှတ်ရှု ၇-နေ့။ ။ ဘေးရန်များသော ရက်တို့ဖြစ်၍ အမှုကိစ္စ မဉပရဟု ဗေဒင်ကျမ်း၌ဆို၏။(၁) တနင်္ဂနွေနေ့- ဆန်း ဆုတ် ၁၂-ရက်နှင့် ကြုံမူ ၀ါရမိတ္တု၊
(၂) တနင်္လာနေ့- ဆန်း ဆုတ် ၁၁-ရက်၊
(၃) အင်္ဂါနေ့-ဆန်း ဆုတ် ၁၀-ရက်၊
(၄) ဗုဒ္ဓဟူးနေ့-ဆန်း ဆုတ် ၉-ရက်၊
(၅) ကြာသပတေးနေ့-ဆန်း ဆုတ် ၈-ရက်၊
(၆) သောကြာနေ့- ဆန်း ဆုတ် ၇-ရက်၊
(၇) စနေနေ့- ဆန်း ဆုတ် ၆-ရက်နှင့် ကြုံမူ ၀ါရမိတ္တု။